Tuesday, August 27, 2013

နေတတ်၇င်ကျေနပ်စ၇ာ

ဗုဒ္ဓဘာသာဝင်တို့ နာယူမှတ်သားဖူးတဲ့တရားတွေထဲက အများဆုံးကြားဖူးနေကြတဲ့တရား တစ်ပုဒ်ကတော့ ဓမ္မစကြာတရားတော်ဖြစ်မယ်ထင်ပါရဲ့။ မြတ်ဗုဒ္ဓကိုယ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်ပြီးမကြာမီ ပဉ္စ၀ဂ္ဂီလို့ခေါ်တဲ့ ရဟန်းတော်ငါးပါးနဲ့ စကြာဝဠာတစ်သောင်းက လာရောက်နာယူကြတဲ့ နတ်ဗြဟ္မာတွေကို အဦးဆုံးဟောကြားခဲ့တယ်ဆိုတာလဲ အများသိပြီးသားပါ။ ဓမ္မစကြာတရားတော်ရဲ့ အနှစ်ချုပ်ကတော့
(၁) မဇ္ဈိမပဋိပဒါလို့ ထင်ရှားကျော်ကြားလှတဲ့ အစွန်းနှစ်ဘက်လွတ် အလယ်အလတ်ကျင့်စဉ်
(၂) ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်ဖြစ်တဲ့ မဂ္ဂင်းရှစ်ပါး အကျင့်တရား
(၃) ဆင်းရဲခြင်းနဲ့ ၎င်းရဲ့အကြောင်းတရား၊ လွတ်မြောက်ခြင်းနဲ့ ၎င်းရဲ့အကြောင်းတရား လို့ခေါ်တဲ့သစ္စာလေးပါး တို့ဖြစ်ကြောင်း မှတ်သားခဲ့ရဖူးပါတယ်။

အဲဒီတရားဟောစဉ်တွေအနက် သစ္စားလေးပါးထဲပါတဲ့ ဆင်းရဲခြင်းကို ဟောတဲ့အခါ “ယံပိစ္ဆံ န လဗ္ဘတိ၊ တမ္ပိ ဒုကံ္ခ=လိုတာမရခြင်းဟာလဲ ဆင်းရဲခြင်းပဲ” ဆိုတဲ့ အပိုဒ်လေးကို ကြားမိတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြန်သုံးသပ်မိပါရဲ့။ အလိုမကျမှုတွေနဲ့ ပြည့်စုံနေတဲ့ဘ၀၊ မပြည့်စုံမှုတွေကြောင့် အလိုမကျဖြစ်ရတဲ့ဘ၀မှာ ဒုက္ခဆိုတာ ချိုနဲ့လားလို့ မေးရအောင် ကိုယ့်ကိုလာမှန်တဲ့ ဒုက္ခတုံးအခဲတွေကို ရင်ဆိုင်နိုင်ဖို့ အင်းအားတစ်ခုတော့ လိုကြမှာပါ။ လူဆိုတာ တစ်ယောက်တည်းနေတဲ့အခါ အလိုမကျ ဖြစ်ရသလို အများနဲ့ နေတဲ့အခါ မျိုမကျဖြစ်ရပြန်တာ ဓမ္မတာပါ။ တစ်ခါတစ်ခါမှာတော့ အလိုမကျမှုတွေရော မျိုမကျမှုတွေပါ ရောထွေးပါလာတတ်တာတွေလဲ ရှိတတ်လေသေးရဲ့။

ပတ်ဝန်းကျင်နဲ့ မကင်းနိုင်တဲ့ လူ့ဘ၀တစ်ခုရဲ့ တိုတောင်းလှတဲ့ သက်တမ်းအတွင်း အလိုမကျမှုတွေ ဘယ်လောက်တောင် ဖြစ်မလဲ? အလိုမကျမှု တစ်ခုဖြစ်တိုင်း ဒုက္ခတစ်ခုလို့ ရေတွက်ပြီး စုထားမယ်ဆိုရင် ဒုက္ခအတုံးအခဲတွေရဲ့ အစုအပုံကို မြင့်မိုရ်တောင်ထိပ်ပေါ်က တက်ကြည့်ရင်တောင် ဒုက္ခပုံရဲ့ အစအနလောက်ပဲ တွေ့မြင်ရမှာပါ။ ဒါတောင် လူတစ်ယောက်ရဲ့ ဒုက္ခပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဟောဒီလောကကြီးထဲ ဒုက္ခကို တစ်ကယ်တွေ့တဲ့လူကို လိုက်ရှာကြည့်မယ်ဆိုရင် ရှာတဲ့လူလည်း သက်တမ်းစေ့ပြီး သေသွားရုံပဲရှိမှာပါ။ ဒီလောက်များပြားလှတဲ့ ဒုက္ခတောထဲမှာ ဒုက္ခကိုတွေ့တဲ့လူဆိုတာလဲ ကြာလေ ရှားလေပါပဲလေ။ အဲလို ရှားလှတာနဲ့အမျှ ဒုက္ခရဲ့အရသာဆိုတာလဲ ခါးသီးရမည့်အစား ပျားရည်စက်ပမာ ချိုမြတဲ့ အသွင်ဆောင်လာပါတော့တယ်။

ဒါပေမဲ့ လူဆိုတာ ဒုက္ခပျားရည်အိုးထဲ ရုန်းမရ၊ ကူးမနိုင်ဖြစ်ပြီး နစ်နေတဲ့ သနားစရာသတ္တ၀ါတစ်မျိုးဖြစ်ကြောင်း ဘယ်တော့မှ ကိုယ့်ကိုယ်ကို ခံယူလေ့မရှိပါဘူး။ အဲဒီလို မခံယူတတ်လို့လဲ နစ်ပြီးရင်း နစ်ရင်းနဲ့ နောက်ဆုံးထွက်သက်က နှုတ်ဆက်တော့မယ်ဆိုမှ အသိတရားဝင်လာပြီး “ဟာ---ငါ အသိနောက်ကျလေခြင်း” လို့ အတွေးပေါက်လာတတ်ပါတယ်။ ဒါပေမဲ့ “နောက်ကျခြင်းအားလုံးထဲမှာ အသိနောက်ကျခြင်းဟာ အဆိုးဝါးဆုံးသော နောက်ကျခြင်းတစ်ခုဖြစ်တယ်” ဆိုတဲ့ အသိမျိုး မရလိုက်ခင်မှာပဲ ထွက်သက်က သူ့ကို အပြီးအပိုင် နှုတ်ဆက်သွားပါပြီ။

ဆရာသမား တစ်ယောက်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိပါသေးတယ်။ “လူဆိုတာ သေဖို့လွယ်တယ်ကွာ့၊ ဒါပေမဲ့ နေဖို့တော့ ခက်တယ်” တဲ့။ အဲဒီတုန်းက သူ့စကားကို နားမလည်ခဲ့ရိုးအမှန်ပါ။ လူတိုင်းသေရမှာကြောက်နေတာ သိရက်သားနဲ့ ဘာဖြစ်လို့ ဒီစကားပြောရလဲလို့တောင် တွေးမိလိုက်ပါသေးတယ်။ အဲဒီတုန်းကပါ။ အခုတဖြေးဖြေးခြင်း တွေးကြည့်တော့မှ ဆရာ့စကားရဲ့ အဓိပ္ပါယ်လေးနက်မှုရှိပုံကို တရေးရေးမြင်ယောင်လာမိတော့တယ်။ သေတာ ဘာမှမဆန်းဘူး ဆိုတာ လူတိုင်းသိတယ်။ အဲဒီလို ဘာမှမဆန်းဘူးလို့မှတ်ယူထားလို့လဲ အချို့ဆို သေခြင်းအပေါ် ဒုက္ခလို့တောင် မမြင်ကြတော့ဘူး။ သစ်ပင်ပေါ်က သစ်ရွက်တစ်ရွက် ကြွေကျသလောက်ပဲ အောင့်မေ့လာတတ်ကြတယ်။ တကယ်တော့ သေတဲ့ကိစ္စကို ဆန်းတယ်လို့ မြင်တာ၊ သို့မဟုတ် တကယ့်ဒုက္ခလို့မြင်တာ တစ်ယောက်ပဲ သမိုင်းမှာပေါ်ဖူးတာပါ။ သိဒ္ဓတ္ထ။ ဒါကြောင့်လဲ ကျနော်တို့လို နောက်လူတွေမှတ်သားနာယူလို့ မကုန်ခမ်းနိုင်လောက်အောင်ကို သူ့တရားတွေက များပြားနေရတာပေါ့။

သိဒ္ဓတ္ထကတော့ သေတာဆန်းတယ်လို့ တွေးမိတဲ့အတွက် မသေရာလမ်းစဉ်ကို သူကိုယ်တိုင် တွေ့အောင်ရှာပြီး သူများကိုလည်း ညွှန်ပြခဲ့တယ်။ ကျနော့်ဆရာသမားကတော့ “သေဖို့လွယ်တယ်၊ နေဖို့ခက်တယ်” လို့တွေးမိပြီး နေဖို့လမ်းစဉ်တစ်ခုကို သင်ပြပေးခဲ့တယ်။ အဲဒီလမ်းစဉ်ကတော့ “နေတတ်ရင် ကျေနပ်စရာဖြစ်တယ်” တဲ့။ ဟုတ်တယ်။ မကျေမနပ်နဲ့ ငြီးတွားနေတဲ့ လူတွေကို ကြည့်လိုက်ရင် မနေတတ်လို့ ဖြစ်နေတာ ရာခိုင်နှုံးအတော်များများ တွေ့နိုင်တယ်။ ဒါပေမဲ့ အဲလိုငြီးတွားနေတဲ့ လူတွေ အတော်များများဟာ “ဒီလိုဖြစ်ရတာ ကိုယ်ကိုယ်တိုင်ကြောင့်ပါလားရယ်” လို့ တွေးမိတဲ့လူ အတော်နည်းပါးလှပါတယ်။ ဖြစ်ပေါ်လာတဲ့ မကျေနပ်မှုအတွက် တရားခံကို ရှာတဲ့အခါ ကိုယ့်ကိုယ်ကို ချန်ထားမိတတ်ကြတယ်။ ကျနော့်ဆရာသမားပေးတဲ့ “ကျေနပ်အောင် နေနည်း” ကတော့ “ဖြစ်လာတဲ့ ပြဿနာအတွက် အရင်ဆုံး ကိုယ့်ကိုယ်ကိုပဲ တရားခံရှာပါ” တဲ့။

အဲဒီနည်းဟာ ကျင့်သုံးကြည့်လေလေ ထိရောက်မှုရှိလေလေ ဆိုတာကို တွေ့ရတယ်။ အကြောင်းအားလျော်စွာ ဖြစ်လာရတဲ့ပြဿနာတစ်ခုအတွက် အကြောင်းဆိုတာ သူများမဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်ပဲလို့ သိလိုက်တဲ့အခါ ပြဿနာရဲ့ ဘောင်ဟာ တော်တော့်ကို ကျဉ်းမြောင်းသွားတာ သိရတယ်။ အဲဒီလို သိလိုက်တာနဲ့ ကိုယ့်အနားက လူတွေအပေါ်မှာရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာပါ ထိုးချင်တင်တင်ဖြစ်နေတဲ့ လက်ညှိုးဟာ ကိုယ့်ဆီပဲ နောက်ဆုံးပြန်ရောက်လာပြီး ပြဿနာဟာလည်း ပြေလည်သွားတတ်တယ်။ တကယ်တော့ ပြဿနာဖြစ်တယ်၊ ပြဿနာဖြစ်တယ် ဆိုတာ အဲဒီပြဿနာကို သူများဆီလွှဲချလို့ ဖြစ်ရတာက ခပ်များများကလား။

ဖြစ်ပေါ်လာတဲ့ ပြဿနာအတွက် ကိုယ့်ကိုယ်ကို ပြန်ပြီး လက်ညှိုးထိုး သုံးသပ်လိုက်တဲ့အခါ---
(၁) ကိုယ့်ပတ်ဝန်းကျင်အပေါ် အမြင်စောင်းခြင်းလည်း နည်းပါးသွားမယ်၊
(၂) ကိုယ့်ချို့ယွင်းချက်ကို မြင်ပြီး နောက်တစ်ခါ မဖြစ်မိအောင် သတိထား လုပ်ဆောင်တတ်သွားမယ်၊
(၃) အလိုမကျမှုတွေကြောင့် ဖြစ်ပေါ်ရလာတဲ့ ဒုက္ခပုံကြီးလဲ တဖြေးဖြေး လျော့ပါးသွားမယ်။
စသဖြင့် စသဖြင့် ကောင်းကျိုးတွေ အများကြီးထွက်လာမှာပါ။ “နေတတ်ရင် ကျေနပ်မယ်” ဆိုတဲ့ စကားအပြင် ဆရာသမားက ဆက်ပြောသေးတယ် “သေတတ်ရင် နတ်ဖြစ်မယ်” တဲ့။ ဒီနောက်စကားရဲ့ အဓိပ္ပါယ်ဟာလဲ ဖွင့်ဆိုချင်သလို ဖွင့်ဆို ပြည့်ဝနေမှာပါ။ ဒါပေမဲ့ ဒီဘ၀မှာ နေတတ်အောင် နေနေတဲ့ လူတစ်ယောက်ဟာ သေတတ်အောင် ကျင့်ကြံနေတာနဲ့ အတူတူပဲလို့ ကျနော်ကတော့ ယူဆတယ်။ အဲဒီတော့ နေတတ်အောင် နေရင် ဒီဘ၀မှာလဲ ကျေနပ်မယ်၊ နောင်ဘ၀ဆိုတာရှိနေရင်လည်း အဲဒီနောင်ဘ၀မှာ လူကောင်းနတ်ကောင်းဖြစ်မှာ မလွဲဘူးဆိုတာ ယုံကြည်ပါတယ်။ အရေးကြီးဆုံးကတော့ “နေတတ်ရင် ကျေနပ်စရာပါပဲ”။

မေတ္တာခံယူနည်းတစ်ခု

သူတပါးကို သတ္တ၀ါများကို ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့သကြသလို ... သူများတွေပို့သနေကြသော မေတ္တာတွေကိုလည်း ခံယူနိုင်ပါတယ်။ အဲဒီမေတ္တာတွေကိုခံယူပြီး ဆုတောင်းပြုပုံလေးတစ်ခုပါ။
ပျောက်ပျက်မသွားအောင် သိမ်းထားချင်လို့ အခုဘလော့ပေါ်ကို တင်ပါတယ်။ အလိုရှိသူများ ကူးယူအသုံးပြုနိုင်ကြပါတယ


(၁) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌ ၀င်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့တွင် ရှိကြကုန်သော ၉၆ဖြာသော ရောဂါဝေဒနာ ဟူသမျှတို့သည် ယခုအချိန်ကစပြီး ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၂) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌ ၀င်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသောဥပါဒ်အန္တရယ်၊ မကောင်းသောဇာတာပေစာ၊ မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်၊ မကောင်းသောအိပ်မက်၊ မကောင်းသောအနိဌာ၊ မကောင်းသောအမင်္ဂလာ ဟူသမျှတို့သည် ယခုအချိန်ကစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၃) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌ ၀င်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ စားမှု သောက်မှု ၀တ်ဆင်မှု လုပ်ကိုင်မှု ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့် ဣစ္ဆိတံ ပတ္တိတံ (မယှံ) (တုယှံ) ခိပ္ပမေ၀ သမိဇ္ဈတု အလိုရှိအပ်သော ဆုတို့သည် မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံရပါစေသား။

(၄) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌ ၀င်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ကြောင်းမှန်သော ၀ိပဿနာတရားထူးတရားမြတ်ကို အလွယ်တကူနှင့် အားထုတ်နိုင်ပြီး ယခုဘ၀၌ပင်လျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဘ၀သို့ အလွယ်တကူနှင့် ကူးရောက်နိုင်ပြီး နိဗ္ဗာန် ချမ်းသာကြီးကို ရပါစေသား ရောက်ပါစေသား။

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”
“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”
“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”
“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”
“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
“ဒါများကွာ.... နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ”

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော်... ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။
(ဂျပန် ဇင်ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ၀င်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ...?

လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက်၆၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။

ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့ က အဓိကပါ။

ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ....?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို လူတစ်ယောက်ရဲ့  တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့  ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေတော့ရှိပါရဲ့ ။ ဒါပေမယ့် သိက္ခာသုံးပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့  မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ရုံပါဘဲ။

မနက်အိပ်ရာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့  ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့ ငါးပါးသီလယူလိုက်ပါ။ ဒါဆို သီလသိက္ခာတည်သွားပါပြီ။ နောက် ဂုဏ်တော်ကို ငါးမီနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာတည်သွားပါပြီ။ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာတည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ်။

ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို့  အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။

နေ့ ခင်းကျရင် တစ်ကြိမ်ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင် တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ့ ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်တာပါ။

ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ့  စိတ်ပါဝါစွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ။ တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့ က အဓိကပါ။

အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ့ ။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ ကို သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့ စိတ်ဓါတ်တက်ကြွမှုကို ကူညီပါလိမ့်မယ်။

တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ့ ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့  ကိုယ်ဟာ တန်ဘိုးရှိတဲ့သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ့ ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်းမရှိဘူး၊ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့  ဆုံးဖြတ်တာမှ မဟုတ်တာ။ သိက္ခာသုံးပါးနဲ့ ပဲ ဆုံးဖြတ်တာပဲ။

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နားနေတဲ့အချိန်လေးတွေမှာာလည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံးအိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ တွေးမနေဘဲ ဂုဏ်တော်လေးပွားတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေဖြစ်နေတာပါ။။ တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေတည်နေတာပါ။

“ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒဇာတ်ကလေးကို အကျဉ်းချုပ်ပြောပြပါအုံးမယ်။

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။

အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။

“မင်းသမီး... တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ”

မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အောက်မှာ အစောင့်တွေအများကြီး ချထားလို့ ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” ပြန်မေးပါတယ်။

လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က ငါ့ကိုချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေအပြည့် ပေးပါ့မယ်” လို့  ပြန်ပြောပါတယ်။

ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့  ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့” လို့  နှင်လွှတ်လိုက်ပါတယ်။

ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။

တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။

ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့ ။ ဒုတိယရက်မှာ ငွေခွက်နဲ့ ။ တတိယရက်မှာ ကြေးခွက်နဲ့ ဆိုတော့ သူ့ အတွက် အထူးအဆန်းဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။

“အသင် ယောက်ျား...ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ပေးရတာလဲ” လို့  မေးပါတယ်။

ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။ “မင်းသမီးရယ်၊ သင့်ရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  တိုးတိုးပျိုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့ လျော့လျော့အိုအိုလာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို ငါကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ ထက် တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ” လို့  ရှင်းပြလိုက်ပါတယ်။

နောက် လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။

တကယ်တော့ လုလင်ပျိုက အတိတ်လူ့ ဘ၀က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေးတရားဟောတာပါ။

လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးနီးသွားတာပါ။ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေးတွေ တစ်ရက်လျှော့သွားတာပါ။ ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့  အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို မလာပါဘူး။

ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ဘုရားတွေက “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို့  သတိပေးထားပါတယ်။

မနက်အိပ်ရာကနိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက် နီးလာပြီ” လို့  နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းတဲ့အခါ အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ ကိုလည်း သေချာအားထုတ်တော့မှာပါ။

တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက်နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။

ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့  အခွင့်အရေး ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။

ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပုံစံ” ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပုံစံ” အတိုင်း နေသွားဖို့ ပါ။

ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။

အလင်းတန်းဂျာနယ်
၃၁.၈.၂၀၀၉

ဘုရားဂုဏ်တော် ကိုးပါး

ဘုရား ဂုဏ်တော် ကိုးပါး တို.မှာ -
၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော…
၎။ သုဂတော…
၅။ လောက၀ိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေ၀မနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂ၀ါ…

၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက၊ ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။

ပု ဒိ အာ

ပု-ဒိ-အာ
မြတ်စွာဘုရားရှင်သည် မာရ်နတ်ရန်ကို အောင်မြင်ပြီးနောက်
(၁) ညဥ့်ဦးယံတွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
(၂) သန်းခေါင်ယံတွင် ဒိဗ္ဗစက္ခုဉာဏ်
(၃) မိုးသောက်ယံတွင် အာသ၀က္ခယဉာဏ် အသီးသီးကို ရတော်မူ၏။
ဤဉာဏ်သုံးပါးကို (ပု-ဒိ-အာ)ဟု အတိုကောက် ခေါ်ဝေါ်သုံးနှုန်းသည်။

လှူတတ်ပါစေ

တစ်ချို့တွေ ဒါနပြုကြတယ်။ ဒါနပြုကတည်းက သူတစ်ပါး အထင်ကြီးအောင် ပြိုင်ဆိုင်ပြီး လှူတဲ့အလှူတွေ.. ငါမှလှူနိုင်တယ်ဆိုတဲ့ အလှူတွေ.. ဂုဏ်ပကာသနကို အဓိကထားပြီး လုပ်တဲ့အလှူတွေ အများဆုံး တွေ့ရပါတယ်။ တကယ်လိုအပ်တဲ့ နေရာတွေကျတော့ လှည့်တောင် မကြည့်ကြတာ များပါတယ်။ ဒါဘာလို့လည်း ဆိုတော့ ဒါန အကြောင်းကို နားမလည်လို့ပါ။ ဒါနပြုတယ် ဆိုကတည်းက အလှူခံပုဂ္ဂိုလ် လိုအပ်တာကို ဖြည့်ဆည်း ပေးတာပါ။ လှူတော့မယ် ဆိုရင် အလှူခံပုဂ္ဂိုလ် အတွက် ဘာလိုသလဲ ဆိုတာကို အရင်ဆုံး ကြည့်ရပါ့မယ်.. နောက်.. သူ့အတွက် တကယ် အသုံးတည့်မည့် ပစ္စည်းလား.. တကယ်ရော လိုရဲ့လား.. အကျိုးလည်းရှိရဲ့လား ဆိုတဲ့ အချက်တွေကို အရင်ဆုံး ကြည့်ရပါမယ်။ ကိုယ်လှူချင်တာ ရမ်းလှူနေရင် အကျိုးတော့ပေးပါမယ်.. ဒါပေမယ့် အကျိုး မကြီးပါဘူး။ ဒီအချက်လေးကို ဆရာတော်ရှင်ဇ၀န ဟောပြဆုံးမတဲ့ စကားလေးနဲ့ ဖော်ပြပေးပါ့မယ်..။ ဆရာတော်က ဘယ်လို ဆုံးမသြ၀ါဒ ပေးထားသလဲ ဆိုတော့.. မရွေးချယ်ဘဲ ရမ်းလှူသော အလှူဒါနမျိုးသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာ ပေါများ ကြွယ်ဝ သော်လည်း ဥာဏ်ထိုင်းသူ၊ မဂ်ဖိုလ်မရနိုင်သူ ဖြစ်တတ်တယ်.. လောကအတွက် သာသနာအတွက် ဥာဏ်ယှဉ်ပြီး ရွေးချယ် လှူဒါန်းသူများမှာတော့ ဖြစ်ရာဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို ဥာဏ်ပညာ ကောင်းပြီး တရားတစ်ကြိမ်နာယုံနဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တယ် တဲ့။ ဒါ့ကြောင့် လှူတဲ့အခါမှာ ရမ်းမလှူဘဲနဲ့ စီစစ်ရွေးချယ် လှူတတ်ဖို့.. ဥာဏ်ယှဉ်ဖို့ အင်မတန် အရေးကြီးပါတယ်။

ဒါနပြုတဲ့အထဲမှ ပါရမီထိုက်တဲ့ဒါနနဲ့ ပါရမီမထိုက်တဲ့ဒါန ဆိုပြီးတော့ ဒါနနှစ်မျိုး ရှိပါတယ်။ ပါရမီထိုက်တဲ့ ဒါနဆိုတာကတော့ ငါကောင်းစားဖို့ဆိုတာ မပါဘဲနဲ့ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး နိဗ္ဗာန်ကို ရည်စူးလှူဒါန်းတဲ့ အလှူမျိုးကို ပါရမီထိုက်တဲ့ ဒါနလို့ ခေါ်ပါတယ်။ ပါရမီထိုက်တဲ့ ဒါနမှာ ငါဆိုတဲ့ အတ္တဒိဋ္ဌိ၊ ကောင်းစားဖို့ဆိုတဲ့ လောဘ မပါပါဘူး။ အလှူခံပုဂ္ဂိုလ်ကိုဘဲ အဓိက ထားပါတယ်။ အလှူခံပုဂ္ဂိုလ် ကောင်းစားဖို့ကို ရွေးပြီးလှူတဲ့ အတွက်လည်း ပါရမီ ထိုက်သွားတာပါ။ အလှူခံပုဂ္ဂိုလ် (၁၄)ဦး ရှိပါတယ်။
(၁) တိရစ္ဆာန်
(၂) သီလမရှိသောပုဂ္ဂိုလ်
(၃) သီလရှိသော သူတော်ကောင်း
(၄) သာသနာပအခါ ကိလေသာကင်းအောင် ကျင့်သောရသေ့
(၅) အရိယာပုဂ္ဂိုလ် (၈)ဦး
(၆) ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ်
(၇) သမ္မာသမ္ဗုဒ္ဓဘုရားရှင်။

အလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ တိရစ္ဆာန် တစ်ကောင်ကို ကျွေးမွေးလှူဒါန်းရင် ဘ၀တစ်ရာ ချမ်းသာတဲ့ ကောင်းကျိုး ရပါတယ်။ အိမ်မှာရှိတဲ့ ခွေးလေးတွေ ကြောင်လေးတွေ ကို စေတနာရှိရှိနဲ့ ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် မိမိစားသလိုမျိုးလေး ကျွေးလိုက်ရင်ကို ဘ၀(၁၀၀) ချမ်းသာတဲ့ ကောင်းကျိုးတွေ ရသွားတာပါ။ သီလရှိတဲ့ သူတော်ကောင်းကို ကျွေးရင် ဘ၀တစ်သောင်း ချမ်းသာတဲ့ ကောင်းကျိုး ရပါတယ်။ သာသနာပ ကိလေသာ ကင်းအောင် ကျင့်နေတဲ့ ရသေ့ကို လှူရင်တော့ ဘ၀ပေါင်း ကုဋေတစ်သိန်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရပါတယ်။ အရိယာပုဂ္ဂိုလ်(၈)ဦး၊ ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ်၊ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် တို့ကို လှူဒါန်းမယ် ဆိုရင်တော့.. ဘယ်သူ့ကိုဘဲ လှူလှူ ဘ၀ပေါင်း ဘယ်ရွေ့ ဘယ်မျှ ချမ်းသာမယ်လို့ ဘုရားရှင်တောင် မဟောနိုင်ပါဘူးတဲ့။

အလှူခံပုဂ္ဂိုလ် (၁၄)ဦးကို အစဉ်လိုက် ချပြတယ်ဆိုတာ အကျိုးကြီးတဲ့ဟာကို ရွေးလှူဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ အကျိုးကွာခြားပုံကို သိစေချင်လို့ပါ။ ဘုရားရှင်ရဲ့ အဓိက ဆိုလိုရင်းက အကျိုးကြီးတဲ့ ပုဂ္ဂိုလ်ကို ရွေးလှူဖို့ထက် လိုအပ်တဲ့ လူကို ရွေးချယ်လှူဒါန်း စေချင်တာပါ။ အကျိုးကြီးတဲ့ ပုဂ္ဂိုလ်ထက် လိုအပ်နေတဲ့ ပုဂ္ဂိုလ်ကို ရွေးလှူမှ ပါရမီ ထိုက်ပါတယ်။ ဒါဆို ဘာလို့လည်း ဆိုတာလေး ကြည့်ရအောင်..။ သာသနာပမှာ ဈာန်ရနေတဲ့ ရသေ့တစ်ယောက်နဲ့ လမ်းဘေးမှာ အစာငတ်ပြီး လဲနေတဲ့ လူတစ်ယောက် တွေ့ပြီ ဆိုပါစို့။ ကိုယ်က ဘယ်ဟာကို လှူမှာလဲ? အလှူခံပုဂ္ဂိုလ် နှစ်ယောက်မှာ ဈာန်ရ ရသေ့ကို လှူရင် ဘ၀ကုဋေတစ်သိန်း ချမ်းသာရမယ်.. အစာငတ်ပြီး လဲနေတဲ့ လူကိုလှူရင် ဘ၀ တစ်သောင်း ချမ်းသာ ရမယ်။ ဒီအချိန်မှာ ရွေးချယ် လှူဒါန်းတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ် တကယ်တမ်းလှူရမှာက လမ်းဘေးမှာ အစာငတ်ပြီး လဲနေတဲ့ လူကိုပါ။ ဘာလို့လည်း ဆိုတော့ အစာငတ်ပြီး လဲနေတဲ့ လူဟာ ကိုယ်လှူတဲ့ အလှူကို ရရင် အသက် ချမ်းသာမှု ရမယ်.. ဈာန်ရ ရသေ့ကတော့ မလှူလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဆရာတော်တစ်ပါး ဆုံးမသြ၀ါဒ ပေးသလိုပါပဲ.. ပြည့်ပြီးသား အိုးကို ထပ်ပြီး ဖြည့်နေတာဟာ အပြင်ကိုလျှံကျပြီး အလကား ဖြစ်ကုန်တာပါ.. လိုတဲ့အိုးကိုဖြည့်မှ အကျိုးရှိမှာပါ တဲ့။ တကယ်လည်း လိုအပ်တဲ့လူကို လိုအပ်တဲ့ပစ္စည်း လှူမှသာ အသုံးဝင်ပြီး သူ့အတွက် အကျိုးကျေးဇူး များသွားမှာပါ.. မလိုတဲ့လူအတွက်က အပိုဖြစ်ပြီး အသုံးမတည့်ဖြစ်နေရင် အလကားပါပဲ။ ဒါ့ကြောင့်လည်း ဘုရားရှင်က လိုအပ်တဲ့ နေရာ လှူတာကို သာဓုခေါ်တာပါ။

ဒါဘာလို့လည်း? ဘာလို့ လည်းဆိုတော သေတော့မယ့်လူကို ပြစ်ပြီး ဈာန်ရရသေ့ကို လှူလိုက်တာဟာ ဘ၀တစ်သိန်း ခံစားချင်တဲ့ လောဘကို တက်မက်တဲ့စိတ် ပါသွားပါတယ်။ ပြောရရင်တော့ လောဘတဏှာ ပေါ့။ နောက်ပြီး ငါ့ဘ၀ အဆက်ဆက် ကောင်းစားဖို့ ဆိုတဲ့ ဒိဋ္ဌိကြီးပါပါသွားတဲ့ အတွက် ဒိဋ္ဌိတန်းလန်းကြီးနဲ့ ဒါန ပြုလိုက်တာပါ။ သူလှူလိုက်တဲ့ အလှူဟာ သူရချင်တဲ့ ဘ၀တစ်သိန်းတော့ ကောင်းကျိုးပေးမှာ မလွဲပါဘူး။ ဒါပေမယ့် မအိုရာ မသေရာ အမြတ်နိဗ္ဗာန် ကိုတော့ သူ့ရဲ့ဒါနဟာ ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားရှင်က သာဓု မခေါ်တာပါ။ သီလမရှိဘဲနဲ့ လမ်းဘေးမှာ ငတ်ပြတ်နေတဲ့ ပုဂ္ဂိုလ်ကို လှူတာကျတော့ ငါကောင်းစားဖို့ဆိုတဲ့ စိတ် မပါဘူး။ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ကို အဓိကထားတယ်.. နောက်ပြီး နာမည်ကြီးဖို့.. သူများအထင်ကြီးဖို့.. အသိအမှတ်ပြုတဲ့ လက်မှတ်တွေပါဖို့ တစ်ခုမှ မပါပါဘူး..။ သူတစ်ပါး ကောင်းဖို့ကို အဓိက ထားတဲ့ အတွက် ပါရမီ ထိုက်သွားတာပါ။ ဒိဋ္ဌိနဲ့ လောဘ ဖြုတ်ပြီး လှူလိုက်တဲ့ အတွက်လည်း ပါရမီ ထိုက်သွားတာပေါ့။ ဒါ့ကြောင့်လည်း ဘုရားရှင် သာဓုခေါ်တာပါ။

ဒါဆို ကျနော်တို့တွေဟာ ဘယ်အလှူဘဲလှူလှူ ပါရမီထိုက်ဖို့.. ဘုရားသာဓု ခေါ်ဖို့ လိုအပ်ပါတယ်။ အလှူလှူတဲ့အခါ ပြီးစလွယ် ပြီးပြီးရော မလှူမိဖို့ အရေးကြီးပါတယ်။ လှူသာ လှူလိုက်ရတယ်.. သံသရာလည်စေတဲ့ အလှူမျိုး ဖြစ်သွားမယ် ဆိုရင်တော့ လှူပြီးတော့ အကြိမ်ကြိမ် သေဖို့ကို ဆုတောင်း နေသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အလှူလှူပြီဆိုရင် ငါကောင်းစားဖို့ကို အဓိက မထားဘဲနဲ့ သူတစ်ပါးလိုအပ်တဲ့ အရာ.. တကယ်အသုံးလိုတဲ့အရာ.. သူ့အတွက် အကျိုးရှိမဲ့ အရာမျိုးကို ရွေးလှူဖို့ အင်မတန်မှ အရေးကြီးပါတယ်။ လှူတတ်ဖို့.. လှူနိုင်ဖို့.. လှူချင်တဲ့ စေတနာရှိဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ဘုရား သာဓုခေါ်မှာပါ။ အလှူဒါန ပြုကြသူအားလုံး.. တကယ် လိုအပ်နေတဲ့နေရာ တကယ် လိုအပ်နေတဲ့ အလှူကို ရွေးချယ်လှူဒါန်း နိုင်ပြီးတော့ မအိုရာ မသေရာ အမြတ်နိဗ္ဗာန်ကို လှမ်းတက် နိုင်ကြပါစေ…။။။

ဗုဒ္ဓဘာသာ ၀င်တိုင်းသိသင့်တဲ့..ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး

၁။ ဘုရား
၂။ တရား
၃။ သံဃာ

ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ

ပစ္စည်းလေးပါး
၁။ ဆွမ်း
၂။ ဆေး
၃။ သင်္ကန်း
၎။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း

ဆွမ်းအကျိုး ငါးပါး

၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး

၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး

၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး

၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး

၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

အပယ်လေးပါး

၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

ကပ်သုံးပါး

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး

၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး

၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး

၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး

၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး

၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး

၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး

၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး

၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး

၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ

၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ

၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်

၁။ ပုဗ္ဗ =ကြိုတင်စေတနာ ၂။ မုဉ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာ

လောကပါလတရား သုံးပါး

၁။ လွတ်လပ်ခြင်း ၂။ ညီမျှခြင်း ၃။ တရားမျှတခြင်း

လောက သုံးပါး

၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက

ဗြဟ္မစိုရ်တရား လေးပါး

၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး

၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန္ဓာ ငါးပါး

၁။ ရူပက္ခန္ဓာ ၂။ ဝေဒနာက္ခန္ဓာ ၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး

၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ

စေတီ လေးမျိုး

၁။ ဓမ္မစေတီ ၂။ ဓါတုစေတီ ၃။ ဥဒ္ဓိဿစေတီ ၄။ ပရိဘောဂစေတီ

ဥပါယ်တံမျဉ် လေးမျိုး

၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

ဘုရားနေကဇာတင်တယ်ဆိုသည်မှာ

မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ
ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ်
ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တန်ခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တန်ခိုးထက်အောင် ဖန်တီးပေးရသလားဆိုတာက စဉ်းစားသင့်တဲ့ အရာလေးတစ်ခုပါ။

တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာတင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က

“အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည်ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… " (ဥဒါန၀တ္ထု)

ဟူ၍ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်။ အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အလွယ်ပြောရရင် ဘုရားအနေကဇာ တင်တယ်ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီး ရွတ်ဆိုပူဇော်နိုင်ကြပါတယ်။ အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာ တင်နိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ။

တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာရှိပါသေးတယ်။ ဘုရားကို ဘိတ်သိတ်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော် ထုလုပ်ကြတဲ့အခါမှာ ထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့၊ ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့၊ ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်။ ပြီးတော့ ထုလုပ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့ သစ်သား၊ ကြေး၊ ကျောက်စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာက ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။

ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်ပြီး ဂုဏ်တော်လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားအနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်တယ်စတာတွေကို မသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။
အရှင်ဝိစိတ္တ (မနာပ ဒါယီ)

ခန္ဓသုတ်မြန်မာပြန်



သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
အာဏာက္ခေတ္တမှိ၊ သဗ္ဗတ္ထ၊သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အို-သူတော်ကောင်းအပေါင်းတို့ -
နတ်ဆေးဝါး နတ်မန္တရားကဲ့သို့ အစွမ်းထက်၍ အဆိပ်ဘေး ၊ ခြင်္သေ့ ၊ သစ် ၊ ကျား စသော သားရဲဘေး ၊ ရောဂါဘယ အမျိုးမျိုးဘေး စသော ဘေးရန်များကို ပျောက်ကင်းပျက်စီးစေနိုင်သော ခန္ဓသုတ်ပရိတ်တော်ကို စုပေါင်းညီညာရွတ်ဆိုကြပါကုန်စို့ ။


ဝိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
ဝိရူပက္ခနဂါးများ ချမ်းသာကြပါစေ
ဧရာပထနဂါးများ ချမ်းသာကြပါစေ
ဆဗျာပုတ္တနဂါးများ ချမ်းသာကြပါစေ
ကဏှာဂေါတမနဂါးများ ချမ်းသာကြပါစေ။

အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။

ခြေမရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေနှစ်ချောင်းရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေလေးချောင်းရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေများစွာရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ


မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
ခြေမရှိသောသတ္တ၀ါများ ၊ ခြေနှစ်ချောင်းရှိသောသတ္တ၀ါများ ၊ ခြေလေးချောင်းရှိသောသတ္တ၀ါများ ၊ ခြေများစွာရှိသောသတ္တ၀ါများ ငါ့ကို မညဉ်းဆဲ မနှိပ်စက်ကြဘဲ မေတ္တာထားနိုင်ကြပါစေ။

သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကောဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဉ္စိ ပါပ မာဂမာ။
သက်ရှိသတ္တ၀ါအားလုံးတို့သည် ကောင်းသောအာရုံကို တွေ့မြင်ကြပါစေ ၊ မကောင်းသောအာရုံများ ကင်းဝေးကြပါစေ။

အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏာဝန္တာနိ သရီသပါနိ။
အဟိ ၀ိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
ဘုရား၊ တရား ၊ သံဃာ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် ၊မြင့်မြတ်တော်မူကြပါပေသည်။ မြွေ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာကိလေသာ ပြည့်ဝယုတ်ညံ့ကြကုန်၏။

ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂ၀တော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ငါသည် အစောင့်အရှောက် အရံအတားကို ပြုထားပီးဖြစ်၍ တစ္ဆေ၊ မြေဖုတ် ၊ နတ်ဘီလူး ၊ နတ်မိစ္ဆာများ အဝေးသို့ ထွက်သွားကြကုန် ၊ တပည့်တော်သည် မြတ်စွာဘုရားကို ရှိခိုးပါ၏ ၊ တပည့်တော်သည် ဘုရားခုနှစ်ဆူကို ရှိခိုးပါ၏။
ခန္ဓသုတ်မြန်မာပြန်ပြီး၏

မောရသုတ်မြန်မာပြန်



ပူရေန္တံ ဘောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ၀နေစရာ။
မောရသုတ်တန်ခိုးကြောင့် ဘုရားအလောင်းအလျာ ဥဒေါင်းမင်းကို တောမုဆိုးများနှစ်ရှည်လများ ဖမ်းယူကြသော်လည်း မဖမ်းမိကြပါ။

စိရဿံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အို-သူတော်ကောင်းအပေါင်းတို့ မြတ်သောမန္တန် လို့ ဘုရားဟောခဲ့သော မောရသုတ်ပရိတ်တော်ကို စုပေါင်းညီညာ ရွတ်ဆိုကြပါကုန်စို့ ။

ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ယရိဿ ၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ၊
အရှေ့ အရပ်မှထွက်ပေါ်လာသော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူ၏ ၊ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏ ၊ ရွှေကဲ့သို့ဝါ၀င်းတောက်ပတော်မူ၏ ၊ သင်နေမင်းကို အကျန်ုပ် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ သင်နေမင်းကြီး၏ အစောင့်အရှောက်ကိုခံယူကာ တစ်နေ့လုံးချမ်းသာစွာနေထိုင်ပါမည်။

ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တာယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧ သနာ။
မကောင်းမှုအားလုံးကင်းရှင်းတော်မူသော တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ ၊ သစ္စာလေးပါးကို သိမြင်ပီးသော အရိယာပုဂ္ဂိုလ်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ အရဟတ္တ မဂ်ညဏ် ဖိုညဏ် သဗ္ဗညုတညဏ်တော်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ ဤကဲ့သို့ ဘေးရန်အတားအဆီးများကိုပြု၍ ဥဒေါင်းမင်းသည် အစာရှာထွက်လေ့ရှိပါသည်

အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ်ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။
အနောက်ဘက်တွင် ၀င်လုဆဲဖြစ်သော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူသည်၊ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏ ၊ ရွှေကဲ့သို့ဝါ၀င်းတောက်ပတော်မူ၏ ၊ သင်နေမင်းကို အကျန်ုပ် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ သင်နေမင်းကြီး၏ အစောင့်အရှောက်ကိုခံယူကာ တစ်ညလုံးနေထိုင်ပါမည်။

ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဘောဓိယာ။
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသ မကပ္ပယိ။
မကောင်းမှုအားလုံး ကင်းရှင်းတော်မူပြီးသော ၊ တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ ၊ သစ္စာလေးပါးတရားကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များ ၊ အာသဝေါတရားကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ အရဟတ္တ မဂ်ညဏ် ဖိုညဏ် သဗ္ဗညုတညဏ်တော်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ ဤကဲ့သို့ ဘေးရန်အတားအဆီးများကိုပြု၍ ဘုရားလောင်း ဥဒေါင်းမင်းသည် တစ်ညလုံးနေလေ့ရှိပါသည်။
မောရသုတ်မြန်မာပြန်ပြီး၏

ဝဋ္ဋသုတ်မြန်မာပြန်



ပုရေန္တံ ဘောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။
အို-သူတော်ကောင်းအပေါင်းတို့
ဘုရားလောင်း ငုံးမင်းကလေးအား တောမီးဘေးမှအပြီးတိုင်ကယ်တင်နိုင်စွမ်းရှိသော


ထေရဿ သာရိပုတ္တဿ၊ လောကနာထေနိ ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အရှင်သာရိပုတ္တရာမထေရ်မြတ်အား မြတ်စွာဘုရားဟောကြားတော်မူအပ်သော ကမ္ဘာဆုံးသည့်တိုင် တန်ခိုးထက်မြတ်လှသော ၀ဋ္ဋသုတ်ပရိတ်တော်ကို ပေါင်းစုညီညာရွတ်ဆိုကြပါကုန်စို့

အတ္ထိလောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
လောကတွင် သီလ၏ဂုဏ်ကျေးဇူး ၊ မှန်ကန်သော သစ္စာစကား ၊ ကိုယ်နှုတ်နှလုံးဖြူစင်သန့်ရှင်းခြင်း ၊ သတ္တ၀ါများကို ချစ်ခြင်း ၊ မေတ္တာတရား သတ္တ၀ါများကို သနားကြင်နာခြင်း ၊ ဂရုဏာတရားများ ထင်ရှားရှိနေပေသည်သာ ၊ ဤမှန်သောသစ္စာစကားနှင့်အတူ အကောင်းဆုံးသစ္စာကို ပြုပါအံ့ ။

အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မ၀ဿာယ၊ သစ္စကိရိယ မကာသဟံ။
တရားတော်၏တန်ခိုး နှင်း ရှေးရှေးဘုရားရှင်တို့ကို အာရုံပြု၍ သစ္စာ၏စွမ်းပကားကို ကိုးစားကာ ငါဘုရားနုစဉ်အခါ ငုံမင်းကလေးဖြစ်စဉ်အခါက သစ္စာပြုခဲ့ဖူးပြီ။

သန္တိ ပက္ခာ အ ပတန၊ သန္တိပါဒါ အ၀ဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၁)ငါ့မှာအတောင်ရှိပါတယ် ၊ မပျံနိုင်သေးပါ
၂)ငါ့မှာခြေထောက်ရှိပါတယ် ၊ မသွားနိုင်သေးပါ
၃)ငါ့မိဘများလဲထွက်ပြေးကြပါပီ ၊ ဒီသစ္စာစကားကြောင့် တောမီးကြီးဝေးရာသို့ ဖယ်သွားပါ


သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယာထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
သစ္စာပြုပီးသည်နှင့်တပြိုင်နက် တောမီးကြီးသည် ငုံမင်းကလေးနှင့် ၁၆ ပယ်ဝေးသော အရပ်ကဖယ်သွားခဲ့ဖူးပြီ ၊ ငုံးမင်းကလေး၏ သစ္စာနှင့်တူသော အခြားသစ္စာမရှိပါ ၊ ငုံးမင်းကလေး၏ သစ္စာသည် သစ္စာပါရမီဖြစ်ပါပေသည်
ဝဋ္ဋသုတ်မြန်မာပြန်ပြီး၏